ရှေးအခါကတောင်ရိုးပျော် သူတော်စင်တို့သည် ဧရာဝတီမြစ်ကမ်းပါး၌နေထိုင်ကြပါလျက် "ဖောင်စီးရင်းရေငတ်"ဆိုသကဲ့သို့ရေရှားပါးမှုဒဏ်ဖြင့် ဒုက္ခဖြစ်နေကြရာ ယနေ့အချိန်၌ သီတဂူရေအလှူတော်ကြောင့် ရေရှားပါးမှုဒုက္ခမှ လွတ်မြောက်ပြီး နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိကြပါသည်။ ထိုသီတဂူရေအလှူတော်စီမံကိန်းကို (၁၃၄၂)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၌ စတင်ဆောင်ရွက်၍ (၁၃၄၇)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၌ပင် အောင်မြင်စွာ ရေပေးဝေနိုင်ခဲ့ပါသည်။ ချောင် (၉)ချောင်ဖြင့် ရေစတင်ပေးဝေခဲ့သော စစ်ကိုင်းတောင်သည် ယနေ့အချိန်၌ ချောင်ပေါင်း (၉၀၀)ကျော်တို့ထိအောင် သီတဂူရေအလှူတော်ကို ပေးဝေလျက် ရှိပါသည်။ ထိုချောင်တို့၌ သီတင်းသုံးနေထိုင်ကြသော ရဟန်း, သာမဏေ, သူတော်, သီလရှင်, ယောဂီအစရှိသော သူတော်စင်ပေါင်း (၉၇၀၀)ကျော်တို့အား သီတဂူရေအလှူတော်သည် တစ်နေ့လျှင် ရေဂါလံ (၅၀၀၀၀၀) ငါးသိန်းကျော် လှူဒါန်းလျက် ရှိပါသည်။