အနာရောဂါ ဖိစီးနှိပ်စက်ခံနေရသူသည် သာသနာတော်ကို မမြှင့်တင်နိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း တိုးတက်ရာ, တိုးတက်ကြောင်းများကို မတည်ဆောက်နိုင်ပေ။ ထို့ကြောင့် လူသားတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် မရှိမဖြစ် လုပ်ငန်းဖြစ်၏။ ထိုမျှလောက် အရေးပါသည့်အတွက် ဗုဒ္ဓက “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ၊ ငါဘုရားကို ပြုစုလုပ်ကျွေးလိုက သူအိုသူနာတို့ကို ပြုစုလုပ်ကျွေးရာ၏”ဟု မိန့်တော် မူခဲ့ပေသည်။ ဗုဒ္ဓ၏ မိန့်မှာချက်ကို လေးလေးနက်နက် ခံယူလျက် သီတဂူဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် သီတဂူအာယုဒါနဆေးရုံတော်ကို (၁၃၄၇)ခုနှစ်၊ ၀ါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ပန္နက်ချခဲ့ပြီး (၁၃၅၁)ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အာယုဒါနဆေးရုံတော်သို့ လူနာများလာရောက်၍ ဆေးဝါးကုသခံယူကြသည်မှာ လစဉ် ပျမ်းမျှအားဖြင့် အတွင်းလူနာ (၅၀)ခန့်, အပြင်လူနာ (၂၀၀)ခန့် ရှိပါသည်။ ထိုအတွင်းအပြင်လူနာတို့အတွက် တစ်လတာကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် ကျပ်သိန်း (၂၀)ကျော်ခန့် ရှိပါသည်။ ထိုအာယုဒါနဆေးရုံတော်သည် ယနေ့အချိန်၌ လူနာပေါင်း (၃၀၀၀၀၀) သုံးသိန်းကျော်ကို ပြုစုစောင့်ရှောက်ပြီး ဖြစ်ပါသည်။ ၁၉၉၃-ခုနှစ်တွင် မျက်စိအထူးကုစီမံကိန်းကို ခေတ်မီစက်ကိရိယာများဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ထိုမျက်စိအထူးကု အစီအစဉ်၌ ပြည်ပမှ မျက်စိအထူးကု ဆရာဝန်ကြီးများသည် မျက်စိအတွင်းတိမ်ရောဂါကို မျက်တွင်းမှန် (L.O.L)ထည့်၍ ခွဲစိတ်ကုသခြင်း, ရေတိမ်တားခြင်း, မျက်ကြည်လွှာအစားထိုးကုသခြင်း, မျက်စိနောက်ခံလွှာ ခွဲစိတ်ကုသခြင်း, လေဆာရောင်ခြည်တို့ဖြင့် ကုသခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် အာယုဒါနဆေးရုံကို အမှီပြု၍ မျက်စိအလင်းရသော ပုဂ္ဂိုလ်ပေါင်း (၃၀၀၀၀) သုံးသောင်းကျော် ရှိခဲ့ပါသည်။