ယခုလက်ရှိ ရှင်ငယ်, ရဟန်းငယ်တို့မှာ နောင်တချိန်၌ နိုင်ငံနှင့်သာသနာတော်၏ တာဝန်များကို ထမ်းဆောင်ကြမည့် သူများ ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံနှင့် သာသနာတော်ကို ချစ်လျှင် မျိုးဆက်သစ်လူငယ်လေးများကို ချစ်ရမည်။ လူငယ်များကို ချစ်မှသာလျှင် နိုင်ငံနှင့် သာသနာတော်ကို ချစ်ရာရောက်ပေမည်။ ထိုသူတို့ကို ကိုယ်ကျင့်သိက္ခာနှင့် အတက်ပညာ အမျိုးမျိုးကျွမ်ကျင်တတ်မြောက်အောင် သင်ပေးရမည့် တာဝန်ကား သာသနာ့ထိပ်ခေါင် ဆရာတော်ကြီးတို့၏ တာဝန်ပင်ဖြစ်ပေသည်။ ထိုသို့သင်ပေးကြရာ၌လည်း မိရိုးဖလာ သင်ပြပေးခြင်းမျိုးဖြင့် တာဝန်ကျေသည်ဟု ပြောမရပေ။ အဘယ်ကြောင့်နည်း ဟူမူ. . . မုန်တိုင်းထန်သော ပစ္စုပ္ပန်ကာလအတွက် လေငြိမ်သော အတိက်ကာ၏ သဘောတရားတို့သည် ပြည့်စုံလုံလောက်မှုမရှိသောကြောင့်တည်း။ ယခုခေတ်သည် သိဖွယ်, တတ်ဖွယ်, မှတ်ဖွယ်အတတ်ပညာများ အလွန်များပြားလှ၏။ သာသနာ့ဝန်ထမ်းတို့သည် ထိုအတတ်ပညာများကို တတ်မြောက်မှသာလျှင် ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ ကျင့်တတ်ပေမည်။ ထို့ကြောင့် သာသနာဝင်အရှင်များအား ပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို နည်းသစ်စနစ်သစ်တို့ဖြင့် ပို့ချပေးနိုင်သော “ဗုဒ္ဓတက္ကသိုလ်ကြီး”များ သာသနာထွန်းကားသော ဤမြန်မာနိုင်ငံ၌ ရှိသင့်သည်မှာ ကြာလှပေပြီ။ ယင်းသို့လိုအပ်နေသော သာသနာ၏ ကွက်လပ်ကို ဖြည့်ဆည်းသည့် အနေအားဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို (၁၃၅၆)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၌ စတင်တည်ဆောက်ခဲ့ပါသည်။ ၎င်းတက္ကသိုလ်ကြီးသည် ပုညရှင်စေတီသို့ သွားရာလမ်းမကြီး၏ အနောက်ဘက်မှာတည်ရှိပြီး အလျား ပေ (၁၀၀၀) အနံပေ (၉၀၀)ရှိပါသည်။ တက္ကသိုလ်ကြီးကို ဒေါင့်လေးဒေါင့်တွင့် အဓိပတိဆောင်, ပါမောက္ခချုပ်ဆောင်, အုပ်ချုပ်ရေးမှူးဆောင်, မော်ကွန်းထိန်းဆောင်တို့ ဖွဲ့စည်းပြီး တဖန် အရပ်လေးမျက်နှာ တစ်ဘက်စီတွင် ကျောင်းဆောင် လေးဆောင်ဖြင့် တည်ဆောက်ထားကာ တက္ကသိုလ်ကြီးအတွင်းတွင် ပဋ္ဌာန်း (၂၄)ပစ္စည်းကို ရည်ရွယ်ပြီး အဆောင်ပေါင်း (၂၄)ဆောင် တည်ဆောက် ထားရှိပါသည်။ တက္ကသိုလ်ကြီး၏ အလယ်ဗဟိုတွင်ကား ဆန်ချီစေတီတော်ကြီးပုံစံအတိုင်း တည်ဆောက်ထားတဲ့ သန္တိမဟာဘွဲ့နှင်းသဘင်းကြီး ရှိပါသည်။ ဤတက္ကသိုလ်ကြီးက ပေးအပ်မည့်ဘွဲ့များမှာ ၀ိဇ္ဇာဘွဲ့ (B.A), မဟာဝိဇ္ဇာဘွဲ့ (M.A), ပါရဂူဘွဲ့ (Ph.D)တို့ ဖြစ်ပါသည်။ ယခုအခါ သင်တန်းများ စတင်ပို့ချနေပြီဖြစ်ရာ သင်တန်းသား, သင်တန်းသူပေါင်း (၃၀၀)ခန့် တက်ရောက် သင်ယူနေကြပြီဖြစ်ပါသည်။ ထိုသင်တန်းသား သင်တန်းသူတို့တွင် လာအို, ထိုင်း, ဗီယက်နမ်, ကမ္ဘောဒီးယား, ဂျပန်, သီရိလင်္ကာ, အိန္ဒိယ, ကိုရီးယား, နီပေါစသော အာရှနိုင်ငံများ၊ အင်္ဂလန်, ဂျာမနီ, ချက်, အမေရိကန်စသော အနောက်နိုင်ငံတို့မှ သင်တန်းသား သင်တန်းသူများလည်း ပါဝင်ကြပါသည်။